Skip to content

Facilitator guide

                       ကူညီပံ့ပိုးသူအတွက် လမ်းညွှန်

                                     ဤ tool ၏ ရည်ရွယ်ချက်သည် လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်မှု၊ မဖွယ်မရာပြု မှုနှင့် လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှု (SEAH) တို့အပါအဝင် ထိခိုက်နစ်နာ မှုများ၊

                                    ဆိုးကျိုးဖြစ်ပေါ်မှုများမှ ကာကွယ်စောင့်ရှောက်ပေးနိုင်ရေး ရည်သန် လျက် အဖွဲ့အစည်း၏ ယဉ်ကျေးမှုကို တိုးတက်ကောင်းမွန်အောင် ပြုလုပ်ရန် ဖြစ်ပါသည်။

 

ကူညီပံ့ပိုးသူ facilitator ၏ တာဝန်မှာ အမူအကျင့်များနှင့်စပ်လျဉ်း၍ ဆွေးနွေးမှုများကို ဦးဆောင်ဆွေးနွေးပေးရန်နှင့် ဦးစားပေးလုပ်ဆောင်ရမည့်လုပ်ငန်းများ၊ ဆွေးနွေးတိုင်ပင်မှုများ အပြီး ထိုလုပ်ငန်းများကို အမှန်တကယ် လုပ်ဆောင်ဖြစ်ကြောင်း သေချာစေရန် မည်သူမှ တာဝန်ခံ လုပ်ဆောင်ရမည်ဟူသည့် ဆုံးဖြတ်ချက်များကို ချမှတ်နိုင်အောင် ကူညီပေးရန် ဖြစ် ပါသည်။

ဤ tool ကို အသုံးပြု၍ သင့်အဖွဲ့အစည်း သို့မဟုတ် အဖွဲ့အတွင်းရှိ သက်ဆိုင်ရာ လုပ်ဖော်ကိုင်ဖက်များအားလုံး (ဥပမာ ရာထူးအဆင့်အမျိုးမျိုး၊ လုပ်ငန်းတာဝန်အမျိုးမျိုး၊ စသည်) နှင့် အပြုသဘောဆောင်ပြီး ရိုးသား ပွင့်လင်းစွာ တိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်မည် ဆိုလျှင် အထိရောက်ဆုံး ဖြစ်ပါလိမ့်မည်။

ဤ tool သည် မည်မျှ ထိရောက်အကျိုးရှိမည်ဆိုသည့်အချက်သည် ယင်းကို အသုံးပြု၍ ပြုလုပ် သော စကားဝိုင်းများ၊ ဆွေးနွေးပြောဆိုမှုများပေါ်တွင် မူတည်နေပါသည်။ ဤ tool အား တစ်ကြိမ်တစ်ခါမျှသာ အသုံးပြုခြင်းထက် ထပ်ပြန်တလဲလဲ (ဥပမာ နှစ်စဉ်) အသုံးပြုပေးကြ ပါရန် အကြံပြုလိုပါသည်။

ဤ tool တွင် အစိတ်အပိုင်းအမျိုးမျိုးပါဝင်ပြီး အချို့အစိတ်အပိုင်းများက အချို့သော လုပ်ငန်း တာဝန်များနှင့် ပို၍ သက်ဆိုင်နိုင်ပါသည်။ သို့သော် ခေါင်းဆောင်များအားလုံးသည် မည်သည့် အခန်းကဏ္ဍမှ တာဝန်ယူဦးဆောင်နေသည်ဖြစ်စေ ၎င်းတို့ ဦးဆောင်နေသည့် လူများနှင့် ၎င်းတို့ အဖွဲ့အစည်းနှင့် ပူးပေါင်းလက်တွဲလုပ်ကိုင်နေသူများထံ မည်သို့တာဝန်ခံရမည်ဆိုသည်ကို နားလည်သဘောပေါက်ထားရန် လိုအပ်ပါသည်။

အကာအကွယ်ပေးခြင်း ကိစ္စရပ်သည် ထိရှလွယ်သော သဘာဝရှိသည်ဖြစ်ရာ facilitator အနေ ဖြင့် ဆွေးနွေးမှုတွင် ပါဝင်တက်ရောက်ဆွေးနွေးသူများအား စိတ်သက်တောင့်သက်သာရှိစေရန် ဆောင်ရွက်ပေးရမည်ဖြစ်ပြီး လိုအပ်ပါက အဖွဲ့အစည်းမှ ပံ့ပိုးပေးနိုင်သည့် ဝန်ဆောင်မှုများ (ဥပမာ နှစ်သိမ့်ဆွေးနွေးခြင်း၊ ဝန်ထမ်းများအား ကူညီထောက်ပံ့ရေးအစီအစဉ်များ၊ HR ဆိုင်ရာ ပံ့ပိုးမှုများ) ကို သိရှိထားပြီးဖြစ်အောင် ဆောင်ရွက်ပေးရပါမည်။

ဆွေးနွေးမှုများ မစတင်မီ

ဤ tool ၏ မည်သည့်အပိုင်းအား အဓိကဆွေးနွေးမည်ဆိုသည်ကို ဆုံးဖြတ်ခြင်း

အရွယ်အစားကြီးမားသော အဖွဲ့အစည်းများအနေဖြင့် “တာဝန်ခံမှု (Accountability)” အပိုင်းကို စတင်ဆွေးနွေးရန် အားပေးတိုက်တွန်းလိုပါသည်။ အထူးသဖြင့် ဤ tool ကို အသုံးပြုဆွေးနွေး ပေးမည့်သူသည် အဖွဲ့အစည်းရှိ ဦးဆောင်မှုပေးနေသည့် အဖွဲ့ဖြစ်လျှင် ဤအပိုင်းသည် ပို၍ပင် သင့်တော်ပါသည်။ အဘယ်ကြောင့်ဆိုသော် ဤအပိုင်းသည် လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ် ခြင်း၊ မဖွယ်မရာပြုခြင်းနှင့် လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခြင်း (SEAH) တို့အား ကြိုတင် ကာကွယ်ခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ခြင်းအပါအဝင် အကာအကွယ်ပေးရေးကို တာဝန်ယူ လုပ် ဆောင်ရမည့် ခေါင်းဆောင်များအတွက် ရည်ရွယ်သောကြောင့်ဖြစ်သည်။ အရွယ်အစားသေး ငယ်သည့် အဖွဲ့အစည်းများအနေဖြင့်မူ အကာအကွယ်ပေးခြင်းဆိုင်ရာ လုပ်ဆောင်မှုများတွင် ခေါင်းဆောင်ပိုင်းမှ အဓိကတာဝန်ယူခြင်းထက် အဆင့်အမျိုးမျိုးမှ ဝန်ထမ်းများ နှင့်/သို့မဟုတ် စေတနာလုပ်အားရှင် အမျိုးအစားအမျိုးမျိုးတို့မှ ပါဝင်ပတ်သက်လုပ်ဆောင်နိုင်ဖွယ် ရှိပါသည်။ ထိုသို့သော အဖွဲ့အစည်းများအနေဖြင့် “အသိပညာမြှင့်တင်ပေးခြင်း (Awareness Raising)” အပိုင်းကို စတင်ဆွေးနွေးမည်ဆိုလျှင် ပို၍လွယ်ကူအဆင်ပြေပါလိမ့်မည်။ အဘယ်ကြောင့်ဆို သော် ဤအပိုင်းသည် လုပ်ငန်းစဉ်တွင် ပါဝင်ပတ်သက်နေသူတိုင်းနှင့် ဆွေးနွေးညှိနှိုင်းတိုင်ပင် ရသည့်အပိုင်းဖြစ်သဖြင့် အဆင့်အမျိုးမျိုးမှ၊ လုပ်ငန်းတာဝန်အမျိုးမျိုးရှိသော လုပ်ဖော်ကိုင်ဖက် များ ပါဝင်ဆွေးနွေးရန် အရေးကြီးသောကြောင့်ပင်။

ဆွေးနွေးမှုတွင် မည်သူပါဝင်သင့်ကြောင်း သဘောတူသတ်မှတ်ခြင်း

ဆွေးနွေးပွဲများအားလုံးတွင် ခေါင်းဆောင်မှုပေးနေသူများသာမက အလယ်အလတ်နှင့် အငယ် တန်းဝန်ထမ်းများကိုပါ ပါဝင်ဆွေးနွေးရန် ထည့်သွင်းသင့်သည်ဟု အကြံပြုပါသည်။ သင့်အဖွဲ့ အစည်း၏ အရွယ်အစားပေါ်တွင် မူတည်၍ အချို့သော အပိုင်းများသည် အချို့သော လုပ်ဖော် ကိုင်ဖက်များနှင့် ပို၍ သက်ဆိုင်နေနိုင်ပါသည် (ဥပမာ “ဘေးအန္တရာယ်ကင်းရှင်းသော ဝန်ထမ်း ခေါ်ယူခန့်ထားမှုနှင့် HR လုပ်ငန်းစဉ်များ -Safe Recruitment and HR processes” အပိုင်းကို ဆွေးနွေးသောအခါတွင် HR ဌာနမှ လုပ်ဖော်ကိုင်ဖက်များကို ထည့်သွင်းဆွေးနွေးစေသင့်သည်)။ အရွယ်အစားသေးငယ်သော NGO များတွင် အဖွဲ့အစည်းအား ဦးဆောင်မှုပေးနေသည့် အဖွဲ့များ ၏ အရွယ်အစားသည် အလွန်သေးငယ်နေနိုင်ပြီး အဖွဲ့အစည်းအတွင်းရှိ လူတိုင်းကို အဆိုပါ ဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးစေလိုသောဆန္ဒ ရှိကောင်းရှိနိုင်ပါသည်။ ဤသို့ အားလုံးကို ပါဝင်ဆွေးနွေးစေမည်ဆိုလျှင်လည်း အလွန်အကျိုးရှိနိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ဝန်ထမ်းများနှင့် စေတနာလုပ်အားရှင်များထံမှ ကွဲပြားသော ရှုထောင့်အမြင်အမျိုးမျိုးကို သိရှိ ခွင့်ရနိုင်ပြီး ပိုမိုတိုးတက်ကောင်းမွန်အောင် ပြုပြင်ရမည့်အရာများအတွက် ကတိကဝတ်ပြုကြ ရာတွင်လည်း လူတိုင်း ထဲထဲဝင်ဝင် ပါဝင်ပတ်သက်နေခြင်းကြောင့် ထိုကတိကဝတ်များကို ပို၍ အလေးအနက်ထားကာ ပါဝင်ဖြည့်ဆည်းနိုင်သောကြောင့် ဖြစ်သည်။

ရွေးချယ်ထားသည့်အပိုင်းကို အပြည့်အဝဆွေးနွေးနိုင်ရန် လုံလောက်သော အချိန်ကို အသုံးပြု ခွင့်ပေးထားကြောင်း သေချာစေခြင်း

ဤ tool တွင် အပိုင်းတစ်ပိုင်းချင်းစီအတွက် ခန့်မှန်းကြာမြင့်ချိန်ကို ဖော်ပြပေးထားပါသည်။ ဆွေးနွေးမည့် အပိုင်းနှင့် သင့်အဖွဲ့အစည်း၏ အနေအထားပေါ်တွင် မူတည်၍ အပိုင်း တစ်ပိုင်း လျှင် သုံးနာရီမှ လေးနာရီကြား ကြာမြင့်နိုင်ပါသည်။ ဤသည်မှာ ခန့်မှန်းကြာမြင့်ချိန်သာဖြစ် ပြီး သင့်အဖွဲ့အစည်းပေါ်တွင်မူတည်၍ အချို့အပိုင်းများကို ပြီးစီးအောင် ဆွေးနွေးရန်အတွက် ထို့ထက်ပို၍ အချိန်ယူရနိုင်ပါသည်။

ဆွေးနွေးမှု မစတင်မီ

ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးမည့်သူများအားလုံးအား landing page ဝက်ဘ်စာမျက်နှာပေါ်ရှိ လုပ်ငန်းစဉ်အဆင့်ဆင့်ပြပုံကားချပ်ကို ကြိုတင်လေ့လာထားရန်နှင့် ဆွေးနွေးမည့် အပိုင်းနှင့် အမူအကျင့်များကို အကျွမ်းတဝင်ရှိအောင် ကြိုတင်ပြုလုပ်ထားရန် တောင်းဆိုရပါမည်။

 

ဆွေးနွေးပွဲကျင်းပရန်အတွက် အကြံပြုချက်များ

  • ဤ tool သည် တိုင်ပင်ဆွေးနွေးမှုများပေါ်တွင် အခြေခံသည့် tool တစ်ခု ဖြစ်သော ကြောင့် ပါဝင်ဆွေးနွေးသူများအားလုံးအား မေးခွန်းများကို ဖြေကြားခြင်းနှင့် လုပ် ဆောင်ရမည့် အရာများကို ဆုံးဖြတ်ခြင်းတို့တွင် တတ်နိုင်သမျှ ပါဝင်ဆွေးနွေးလာ အောင် ဆောင်ရွက်ရပါမည်။
  • ဤ tool သည် အခွင့်အာဏာမညီမျှမှုများကို ကိုင်တွယ်ဖြေရှင်းရန် ရည်ရွယ်ပါသည် – ဤ tool ကို အသုံးပြုသောအခါတွင် အဖွဲ့အစည်းအတွင်း ရှိနေသည့် အခွင့်အာဏာမညီ မျှမှုများနှင့် ထိုသို့ မညီမျှမှုများက လူအမျိုးမျိုး၏ ပါဝင်ဆွေးနွေးပုံအပေါ် မည်သို့ သက် ရောက်မှုရှိနိုင်မည်ဆိုသည်ကို သတိပြုဖို့ လိုအပ်ပါသည်။ လူအချို့၊ အထူးသဖြင့် အဆင့် မြင့်ရာထူးနေရာများမှ လူများ သို့မဟုတ် အခွင့်အာဏာပိုရှိသူများက စကားဝိုင်းတွင် လွှမ်းမိုးနေခြင်းမျိုးကို ခွင့်မပြုရန်နှင့် လူတိုင်းသည် ၎င်းတို့၏ အမြင်များကို တင်ပြခွင့် ရှိကြောင်း သေချာစေရန် ကြိုးစားသင့်ပါသည်။
  • ပါဝင်ဆွေးနွေးသူများထဲတွင် လိင်ပိုင်းဆိုင်ရာ မဖွယ်မရာပြုမှု သို့မဟုတ် လိင်ပိုင်း ဆိုင်ရာ ထိပါးနှောင့်ယှက်မှုတို့မှ ဆက်လက်ရှင်သန်သူများ ပါဝင်နေနိုင်ပါသည်။ ဤ သည်ကို နိုးကြားသတိရှိပြီး ဆွေးနွေးသည့် အကြောင်းအရာများကို ချဲ့ကားပြောခြင်း သို့မဟုတ် လျှော့ပေါ့ပြောခြင်းများ မပြုလုပ်ပါနှင့်။ ဆွေးနွေးမှုများအတွင်း လူများ မည်သို့ ခံစားနေရကြောင်း မပြတ်စစ်ဆေးဆန်းစစ်ပြီး ဆွေးနွေးမှု မတိုင်မီနှင့် ပြီးဆုံး ချိန်တွင် အထောက်အကူပြုဝန်ဆောင်မှုများ ရယူနိုင်အောင် ဆောင်ရွက်ပေးထားရပါ မည်။
  • ဆိုးကျိုးမဖြစ်စေရေး (do no harm) အပိုင်းသည် မဖြစ်မနေ ထည့်သွင်းဆွေးနွေးရမည့် အပိုင်း ဖြစ်သည်။ သို့သော် ဆွေးနွေးပြောဆိုမှုနည်းလမ်းများ၊ အသုံးပြုသည့် စကား အသုံးအနှုန်းများနှင့် လျော်ကန်ကောင်းမွန်သော အကာအကွယ်ပေးသည့် ယဉ်ကျေးမှု တစ်ခုရှိ အပြုသဘောဆောင်သော အမူအကျင့်များအဖြစ် ရွေးချယ်သတ်မှတ်ချက်များ ကမူ မိမိတို့၏ ယဉ်ကျေးမှုဆိုင်ရာ နောက်ခံ၊ အခြေအနေ၊ ဝန်းကျင်အနေအထားများကို လိုက်၍ ကွဲပြားသွားနိုင်ပါသည်။
  • ဆွေးနွေးပွဲကျင်းပရသည့် ရည်ရွယ်ချက်သည် အဖွဲ့အစည်းအား ကလေးများနှင့် အရွယ် ရောက်ပြီးသူများအား လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်မှု၊ မဖွယ်မရာပြုမှုနှင့် လိင်ပိုင်း ဆိုင်ရာ ထိပါးနှောင့်ယှက်မှုတို့အပါအဝင် ထိခိုက်နစ်နာမှုပုံစံမှန်သမျှမှ ပိုမိုထိရောက်စွာ ကာကွယ်စောင့်ရှောက်ပေးနိုင်သည့် အနေအထားသို့ ရောက်ရှိစေရန်၊ လုပ်ငန်းလုပ်ကိုင် သည့် ဝန်းကျင်နှင့် အစီအစဉ်များ ပိုမိုဘေးကင်းလုံခြုံမှု ရှိလာစေရန်၊ မှားယွင်းမှုတစ်စုံ တစ်ရာ ဖြစ်ပွားပေါက်ပေါက်လာခဲ့ပါက လျှင်မြန်ထိရောက်စွာ တုံ့ပြန်ဆောင်ရွက်ပေး နိုင်ရန် ဖြစ်သည်။ ထိုရည်ရွယ်ချက်များကို ပိုမိုတိကျခိုင်မာအောင် လုပ်ဆောင်ပါ။
  • ဆွေးနွေးပွဲကျင်းပနေစဉ်အတွင်းတွင် ပါဝင်ဆွေးနွေးသူတစ်ဦးက ယခင်က သိရှိခြင်း မရှိခဲ့သော ကိုင်တွယ်ဖြေရှင်းပေးရန် လိုအပ်သည့် အကာအကွယ်ပေးခြင်းဆိုင်ရာ ဖြစ်ရပ်တစ်ခုနှင့် စပ်လျဉ်း၍ တစ်စုံတစ်ရာ တင်ပြပြောဆိုလာခြင်းမျိုး ရှိလာနိုင်ပါ သည်။ ထိုဖြစ်ရပ်တွင် သင့်အဖွဲ့အစည်းမှ လူများ သို့မဟုတ် သင်တို့နှင့် လက်တွဲလုပ် ကိုင်နေသည့် မိတ်ဖက်အဖွဲ့အစည်းမှ လူများ ပါဝင်ပတ်သက်နေနိုင်ပါသည်။ ဤသို့ ဖြစ်လာပါက မည်သို့ တုံ့ပြန်ဆောင်ရွက်သင့်သည် ဆိုသည်ကို ဆွေးနွေးပွဲမတိုင်မီ ကြို တင်ပြင်ဆင်ထားသင့်ပါသည်။ ဆွေးနွေးတင်ပြလာသည့် ကိစ္စရပ်သည် ကြီးလေးပြင်း ထန်ပြီး ထိခိုက်နစ်နာဆုံးရှုံးမှုများ ချက်ချင်းလက်ငင်း ဖြစ်ပေါ်နိုင်သည့် အန္တရာယ်ရှိနေ လျှင် သို့မဟုတ် ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးနေသူများနှင့် တိုက်ရိုက်ပတ်သက်မှု ရှိ နေလျှင် ထိုကိစ္စရပ်ကို တုံ့ပြန်ကိုင်တွယ်ဖြေရှင်းနေစဉ်အတွင်း ဆွေးနွေးပွဲကို ရပ်ထား သင့်ပါသည်။ ထိုကိစ္စရပ်အတွက် တုံ့ပြန်ဆောင်ရွက်ပေးနိုင်သည်ဆိုလျှင် ဆွေးနွေးပွဲ အပြီးတွင် သင်တို့၏ ပုံမှန် လုပ်ဆောင်နေကျ အစီရင်ခံတင်ပြခြင်း လုပ်ငန်းစဉ်များ အတိုင်း လိုက်နာဆောင်ရွက်သင့်ပါသည်။
  • အကာအကွယ်ပေးခြင်းဟူသည် ဖြစ်ရပ်များကို ကောင်းစွာ တုံ့ပြန်ဆောင်ရွက်ပေးနိုင်ရုံ သက်သက်အတွက်မဟုတ်ဘဲ လူတိုင်း လုံခြုံစိတ်ချစွာဖြင့် တန်းတူညီမျှ ပါဝင်ဆွေးနွေး ဆောင်ရွက်နိုင်သည့် အဖွဲ့အစည်းကို ဖန်တီးတည်ဆောက်ခြင်းလည်း ဖြစ်ကြောင်း အစဉ်အမြဲ သတိရပါ။
  • (အရွယ်အစား ကြီးကြီးသေးသေး) မည်သည့်အဖွဲ့အစည်းကမျှ မဖွယ်မရာပြုမှု၊ ထိပါး နှောင့်ယှက်မှု နှင့်/သို့မဟုတ် အခွင့်အာဏာအလွဲသုံးစားလုပ်မှုတို့မှ ကင်းလွတ်မည် မဟုတ်ဟူသည်ကို မမေ့ပါနှင့်။

ထပ်မံသိရှိလိုသည်များ ရှိပါက

မကြာခဏမေးလေ့ရှိသော မေးခွန်းများ (FAQs) ကို ဝင်ရောက်ဖတ်ရှု ပြီး ဤ tool အကြောင်း ပိုမိုသိရှိစေရန်နှင့် ဤ tool သည် သင့်ကို မည်သို့ အထောက်အကူပြုနိုင်ကြောင်း သိရှိနိုင်ရန် လေ့လာပါ။